သီးနှံစိုက်ပျိုးမြေဆိုတာ သမမျှတမှုရှိမှ (မချဉ်၊ မငန်) အပင်က မြေကြီးထဲက မြေဩဇာနဲ့ စိုက်ပျိုးသူက ထည့်ကျွေးတဲ့ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာကို စားသုံးလို့ရနိုင်ပါတယ်။ ဒါကြောင့် မြေကြီးချဉ်လွန်းရင် မကောင်းသလို ငန်လွန်းရင် ဆားပေါက်မြေ ဆပ်ပြာပေါက်မြေဖြစ်သွားရင် ဘာစိုက်စိုက် ကောင်းကောင်းဖြစ်မလာတော့ပါဘူး။ ချဉ်ငန်ကိန်းနဲ့ပြောရင်( ၁ )ကနေ( ၆ ) ကျော်ထိ ချဉ်တယ်။( ၇ )က သမမျှတတယ်။ (၇)ကနေ(၁၄) ထိက ငန်တယ်ဆိုတာ အရင်ဆုံးသိရပါမယ်။
ချဉ်တာဖြစ်တာ ဘာကြောင့်လဲ
မြေကြီးထဲမှာ နဂိုကတည်းက သံဓာတ်တွေများရင် ကန့်ဓာတ်တွေများရင် ချဉ်ပါတယ်။ ဓာတ်မြေဩဇာ အသုံးပြုတာ အချိုးညီစနစ်မကျရင် ချဉ်ပါတယ်။ အထူးသဖြင့် ယူရီးယားလို့ခေါ်တဲ့ ပုလဲဓာတ်မြေဩဇာ တစ်မျိုးတည်းသုံးပြီး ကျန်တာမသုံးရင်ဖြစ်စေ၊ သီးနှံတစ်မျိုးတည်းကိုပဲ ဆက်တိုက်စိုက်ရင် ဖြစ်နိုင်ပါတယ်။
မြေချဉ်မှုများရင် သံဓာတ်တွေအရည်ပျော်ဝင်ပြီး သံဓာတ်အဆိပ်အတောက်ဖြစ်နိုင်တယ်။ အရွက်တွေမစိမ်းပဲ နီ၊ ဝါ၊ ခရမ်းရောင် တွေဖြစ်မယ်။ အမြစ်တွေမကျန်းမာပဲ အားနည်းမယ်။ ဒီတော့လုပ်ရမယ့်နည်းတွေက ချက်ချင်းတော့ ကောင်းလာမှာ မဟုတ်ပေမဲ့ ထုံးထည့်မယ်။ ရေသွင်းရေထုတ်လုပ်ပေးမယ်။ ရေကို နည်းနည်းပဲသွင်းမယ်။ရေဝပ်တာရှောင်မယ်။ တမန်းနှိုးမယ်။နွေထယ်ရေးခံမယ်။ သဘာဝမြေဩဇာ များများထည့်ပေးမယ်။ သစ်ရွက်စိမ်းမြေဩဇာတွေလုပ်ပြီး ထည့်မယ်။ ဓာတ်မြေဩဇာ ၃ မျိုးစလုံးသုံးရမယ်။
မြေချဉ်ရင် တီကောင်မရှိ၊ မနေနိုင်လို့ တီကျစ်စာမတွေ့ရပါဘူး။ မြေပေါ်မှာပေါက်တဲ့ အပင်ကြည့်ပြီးလဲ ကိုယ့်မြေဟာ ချဉ်လား၊ ငန်လား ခွဲခြားသိနိုင်ပါတယ်။ ပိုတက်စီယမ်ဓာတ်မြေဩဇာ ထည့်ပေးရင်လဲ သက်သာသလို ပိုတက်စီယမ်ဆာလဖိတ်မြေဩဇာ ထည့်ပေးရင်လဲ သက်သာပါတယ်။
သံဓာတ်အဆိပ်သင့်သလောက် မတရားချဉ်လာပြီဆိုလျှင် စပါးခင်းဆိုပါက မြစ်ဖုနီမတုတ်တွေကျနိုင်တယ်။ ဖော့စပရပ်လည်း ချို့တဲ့မှုဖြစ်သွားတယ်။ သဘာဝမြေဆွေးတွေ၊ ရေငန်နှုန်းတွေထည့်ပြီး မြေကိုပြုပြင်ရတာပါပဲ။ သစ်ဆွေးတွေ၊ သဘာဝမြေဆွေးတွေထည့်မှ ပြန်ပြီးမျှတလာပါတယ်။ ပြီးရင် ဇင့်ပါတဲ့ ဇီဝမြေဩဇာကို တစ်လှည့်ထည့်ပေးရတယ်။
မြေချဉ်တွေမှာ အက်ဆစ်တွေလည်း ပုံစံတစ်မျိုးနဲ့ တွေ့ရပြီး ပိုတက်စီယမ်၊ ကယ်လစီယမ်၊ မဂနီစီယမ်၊ နိုက်ထရိုဂျင်နဲ့ ဖော့စဖိတ်ဓာတ်တွေနည်းပါးနေတယ်။ တစ်ချို့ဒေသတွေမှာ မြေချဉ်တွေကို ဒေသထွက်ဆားတွေ လယ်ထဲကြဲပက်ကြပါတယ်။ ရေရှည်ထိမကောင်းနိုင်ပါဘူး။ ဆားတွေမပက်သင့်ပါ။
မြေချဉ်တာများရင် အမှိုက်တွေဆွေးတာကြာပါတယ်။ မြေဆွေးမဪတော့ပါဘူး။ ဒါကြောင့်အကောင်းဆုံးက ထုံးထည့်တာ၊ ထုံးကြောက်ကို မီးဖုတ်ထားတဲ့ မဖောက်ထုံး ချေမှုန့်ထည့်တာ၊ မြေစီးတွေပြုပြင်ရာမှာကောင်းတယ်။ ဖောက်ထုံးက သဲနဲ့ နှုန်းမြေကောင်းတယ်။ ဖွဲပြာထည့်။
တစ်ဧက တန်အားဖြင့် ထုံး တစ်တန်၊ နှစ်တန်လောက်အထိထည့်ရတာ။ ထုံးဆြိတာ ကယ်လစီယမ်လို့ခခေါ်တဲ့ သတ်ထုပါ။ အောက်ဆီဂျင်နဲ့ပေါင်းပြီး မဖောက်ထုံးဖြစ်တယ်။ ရေနဲ့ဓာတ်ပြုရင် ဖောက်ထုံးဖြစ်တယ်။ ကွမ်းစားရင်ထည့်စားဆဲ့ ထုံးဖြစ်ပါတယ်။ လူမှာလည်း အရိုးအဆစ်သန်မာအောင် ထုံးလိုသလို အပင်လည်း ထုံးဓာတ်လိုပါတယ်။ မြေချဉ်ရင် မြေကိုကောင်းအောင်ပြုပြင်ပေးတဲ့ သက်ရှိမိုက်ခရုတ်တွေမရှိဘူး။ မနေနိုင်ဘူး။ အနုဇီဝသက်ရှိတွေမရှိရင် မြေကြီးကို ညံ့ဖျင်းစေတယ်။
ငန်တဲ့မြေ သိပ်ငန်ရင် ဆားတွေပေါက်လာပြီး ဆပ်ပြာမြေဖြစ်သလို၊ ချဉ်တဲ့မြေသိပ်ငန်သွားရင် ရေညှိတွေ၊ မှိုတွေပေါက်လာတယ်။ ထုံးထည့်ပေးပြီး အရည်ပျော်ဝင်ကာ မြေကြီးထဲရောက်ပြီး မြေကြီးထဲက ပြာဓာတ်တွေရလာပြီး အပင်က စုပ်ယူစားနိုင်ပါတယ်။ စနစ်တကျဖြစ်အောင် ထုံးကိုထည့်ဖို့လိုတယ်။ တစ်ချို့ဒေသတွေက ပဲပင်တွေကို မြေချဉ်တွေမှာစိုက်ပြီး စိုက်ပါများတော့ လျှော့သွားတာလည်းရှိတယ်။
မြေအမျိုးအစား၊ စိုက်တဲ့သီးနှံ၊ ဒေသရာသီဥတု၊ ထုံးအမျိုးအစား ဒါတွေသိပြီးမှ ထည့်ရမှာမို့ စိုက်ပျိုးရေးဌာနက နားလည်သူတွေနဲ့တွေ့ပြီး တိုင်ပင်မေးမြန်းပြီးမှ ထည့်ပေးရပါမည်။
Source-ဦးမြင့်ဆွေ(ကိုရဲ- စိုက်ပျိုးရေး)
#တောင်သူဦးကြီး_taungthuoogyi
တောင်သူဦးကြီးများ အဆင်ပြေအောင်မြင်ကြပါစေ။
Comments
Post a Comment