"အရွက်ဖျန်း ဓာတ်မြေသြဇာများ အသုံးပြုရာတွင် ဆောင်ရန်/ ရှောင်ရန်များ"
(၁) အရွက်ဖျန်းဓာတ်မြေဩဇာများသည် မြေချမြေဩဇာများကို အစားထိုးရန် (Substitute of Replacement) မဟုတ် ထိရောက် သောအကူပြုခြင်း (Effective Supliment)သာဖြစ်သည်။
(၂) ဓာတ်မြေဩဇာများ ခေတ်စားခါစအချိန်က ဓာတ်မြေဩဇာ အသုံးပြုလျှင် အခြားမြေဩဇာများသုံးရန်မလိုတော့ဟု လွန်လွန် ကဲကဲအမွှန်းတင်ခဲ့ကြသကဲ့သို့ အရွက်ဖျန်းဓာတ်မြေဩဇာများ ခေတ်စားလာသောအခါ၌လည်း ထိုသို့အလွန် အကျွံကြော်ငြာခြင်း များမှာလည်း အခြေအမြစ်မရှိပေ။
(၃) အရွက်ဖျန်းဓာတ်မြေဩဇာမှ အာဟာရများသည် စတိုမာ (Stoma) လေပေါက်၊ အရွက်ကိုဖုံးနေသော ကြူတီကယ်အလွှာ အကြား သွယ်တန်းနေသောအက်တိုဒက်(စ်) မာတာ (Ectodes mata) အမျှင်များမှ ဝင်ရောက်ခြင်းဖြစ်သည်။ စတိုမာခေါ် လေပေါက်များမှ အစားဝင်ရောက်မှုမှာ (၉၅)ရာနှုန်းရှိသော ကြောင့် အရွက်ဖျန်းဓာတ်မြေဩဇာကို ပက်ဖျန်းသောအခါ အထက် အောက် အရွက်မျက်နှာပြင်အားလုံးကို ထိရန်အရေးကြီးသည်။
(၄)အရွက်ဖျန်းဓာတ်မြေဩဇာမှ အာဟာရများသည် (၂)နာရီအတွင်း (၉ဝ)ရာနှုန်းဝင်ရောက်နိုင်သည်။ ထို့ကြောင့် ထိုအချိန်မလွန်မီ မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်း၊ နေပူပြင်းထန်ခြင်းမရှိစေအပ်ပေ။
(၅) အရွက်ဖျန်းဓာတ်မြေသြဇာမှ ဖော့ဖရပ်(စ)ခေါ် မီးစုန်းဓာတ်သည် မြေချမြေသြဇာများထက် အပင်အတွင်း(၄)ဆမှ (၂၀)ဆအထိ ပိုမိုလျင်မြန်စွာ ဝင်ရောက်နိုင်သည်။
(၆) အစာသိုလှောင်အင်္ဂါများဖြစ်သောဥများ၊ အစေ့များ၊ အသီးများ ဆီသို့ အစာဖြည့်ပေးသောအင်္ဂါများမှာ ထိုကာလတွင် သက်ဝင် နိုးကြားမှုအရှိဆုံးအင်္ဂါများဖြစ်သည်။ ရှင်သန်နိုးကြားသောအင်္ဂါ များမှတဆင့် အာဟာရတိုက်ရိုက်ပံ့ပိုးခြင်းအားဖြင့် အထွက်နှုန်း ကိုအကောင်းဆုံးရရှိစေသည်။ ဥပမာ- ဂျုံစေ့အတွင်း အစာ အဖြည့်နိုင်ဆုံးအင်္ဂါများမှာ ဂျုံအနံ့၊ မင်္ဂလာရွက်နှင့် အနုဆုံး အရွက်ဖြစ်သည်။ တနည်းအားဖြင့် ဂျုံစေ့များနှင့်အနီးဆုံး၊ အနုဆုံးအင်္ဂါများဖြစ်သည်။ အစာသိုလှောင်သောအစေ့များ အတွင်း (၄၀)ရာနှုန်းကို အနှံကထောက်ပံ့သည်။ (၄၀)ရာနှုန်း ကိုမင်္ဂလာရွက်နှင့် ယင်းနှင့်အနီးဆုံးအရွက်က ထောက်ပံ့သည်။ အပင်၏အောက်ပိုင်းတစ်ခုလုံးက (၂၀)ရာနှုန်းသာပံ့ပိုးနိုင်သည်။
(၇) အရွက်ဖျန်းဓာတ်မြေဩဇာမှ ရရှိသောအာဟာရမှာ ပမာဏအား ဖြင့် မများလှသော်လည်း အပင်ကြီးထွားဖွံ့ဖြိုးခြင်းကို နှိုးဆွ ပေးသည်။ မြေဆီလွှာမှ အာဟာရများစုပ်ယူခြင်းကို အားပေး သည်။ ဤသည်မှာ အရွက်ဖျန်းဓာတ်မြေဩဇာသုံး၍ အထွက် တိုးခြင်း၏အကြောင်းရင်းဖြစ်သည်။
(၈) အရွက်ဖျန်းဓာတ်မြေသြဇာအသုံးပြုခြင်းကြောင့် အဓိကကောင်း ကျိုး(၂)မျိုးဖြစ်စေသည်။ (၁) သီးနှံအထွက်နှုန်းတိုးရန်နှင့် အရည် အသွေးကောင်းရရှိရန် နိုးဆွခြင်း (To Stimulate) နှင့် (၂)ဆိုး ဝါးသောအခြေအနေမျိုး (ဝန်းကျင်ဖိစီးမှု Stress)တွင် သီးနှံပင်ကိုမပျက်စီးစေဘဲ ပုံမှန်ကြီးထွားဖွံ့ဖြိုးရန် အားပေးခြင်း (To Promote) ဖြစ်သည်။
(၉) သာမန်အရွက်ဖျန်းဓာတ်မြေ ဩဇာ၏ အာနိသင်မှာ (၅)ရက်ခန့် သာရှိသည်။ ထို့ကြောင့် (၇)ရက်တစ်ကြိမ် ပက်ဖျန်းနိုင်သည်။ ဝန်းကျင်အခြေအနေ၊ အပင်၏ကြီးထွားနှုန်း၊ ဖွံ့ဖြိုးမှုအဆင့်ပေါ် သုံးသပ်ပြီး ညှိနှိုင်းအသုံးပြုသင့်သည်။
(၁ဝ) သီးနှံပင်များ ကြီးထွားနှုန်းမြန်ချိန်၊ မြေဆီလွှာမှအာဟာရ ပိုမို စုပ်ယူချိန်တွင် အရွက်ဖျန်းဓာတ်မြေသြဇာ၏ လိုအပ်မှုမှာ ပို၍ ကြီးမားသည်။
(၁၁) အရွက်ဖျန်းဓာတ်မြေသြဇာ၏ ပီအိတ်(ချ်) PH (၄.၅)နှင့် (၆.ဝ) အကြားတွင် အာဟာရစုပ်ယူမှုအားအကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် မိမိအသုံးပြုသောအရွက်ဖျန်းဓာတ်မြေဩဇာဖျော် ရာတွင် ပီအိတ်(ချ်)သည် ထိုအခြေအနေတွင် ရှိရန် လိုအပ်သလို ပြုပြင်ပြီးမှ အသုံးပြုသင့်သည်။
(၁၂) အရွက်ဖျန်းဓာတ်မြေသြဇာကို အခြားသောစိုက်ပျိုးရေးသုံး ဓာတု ဆေးဝါးများနှင့် ရောစပ်အသုံးပြုပါက ရေ၊ အရွက်ဖျန်းဓာတ် မြေဩဇာ၊ အခြားဓာတုဆေးဝါး၊ ရေ၊ အစဉ်အတိုင်းရောစပ် ပြီးသုံးပါ။ ဆိုလိုသည်မှာ ပုံးတွင်ရေတစ်ဝက် (၅၀ရာနှုန်း)ကို အရင်ထည့်ပါ။ နောက်အရွက်ဖျန်းဓာတ်မြေဩဇာကိုထည့်ပြီး မွှေပါ။ ပြီးနောက် အသုံးပြုမည့်စိုက်ပျိုးရေးသုံး ဓာတုဆေးဝါး (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်ဟော်မုန်း)ကိုထည့်ပါ။ ကျန်ရေတစ်ဝက်ကို ထပ်ရောမွှေပြီး အသုံးပြုနိုင်သည်။
(၁၃) အထွက်တိုးသီးနှံများစိုက်ပျိုးရာတွင် ဓာတ်မြေသြဇာများကိုသာ အားထားအသုံးပြုချိန် ကြာမြင့်လာလျှင် အနည်းလိုဓာတ်စင်များ ချို့တဲ့မှုပေါ်လာမြဲဖြစ်သည်။ ထို့ကြောင့် အရွက်ဖျန်းဓာတ်မြေ ဩဇာများတွင် အနည်းလိုဓာတ်စင်များ အလေးထားအသုံးပြု ရန် လိုအပ်လာသည်။
(၁၄) အရွက်ဖျန်းဓာတ်မြေသြဇာများကို ရေပျော်ပက်ဖျန်းရာတွင် ယေဘုယျအားဖြင့် (ဝ. ၅)ရာနှုန်းဖြင့် ပက်ဖျန်းလေ့ရှိသည်။ ( ၅)ရာနှုန်းဆိုသည်မှာ ရေ(၁၀)ပိသာ (၄ဂါလံ)တွင် အရွက် ဖျန်းဓာတ်မြေသြဇာ(၅)ကျပ်သား ဖျော်စပ်ခြင်းဖြစ်သည်။
(၁၅) အရွက်ဖျန်းဓာတ်မြေသြဇာပက်ဖျန်းရန် အကောင်းဆုံးအချိန်အခါ မှာ နံနက်နေထွက်စမှ နံနက်(၁၀)နာရီခွဲအထိ ဖြစ်သည်။ အစို ဓာတ်များပြီး အေး၍လေမတိုက်သောအချိန်မျိုးဖြစ်သည်။
(၁၆) အရွက်ဖျန်းဓာတ်မြေသြဇာများကို ပက်ဖျန်းရာတွင် စိုက်ခင်း၏ ဧရိယာအပေါ်မူတည်၍ ပက်ဖျန်းရန် မလိုအပ်ပေ။ သီးနှံပင်၏ အရွယ်ပမာဏ၊ အရွက်ဧရိယာအနည်းအများ၊ သီးနှံပင်၏ကြီး ထွားနှုန်းနှင့် ဖွံ့ဖြိုးမှုအဆင့်ပေါ်တွင် မူတည်၍ အသုံးပြုသင့် ပေသည်။
(၁၇) အပင်စတင်စိုက်ပျိုးပြီး အခြေကျစချိန်(Starting)တွင် အရေးကြီး သည်။ နည်းနည်းနှင့်အကြိမ်ကြိမ် ကျွေးသင့်သည်။ ပင်ပိုင်းကြီး ထွားချိန်ကုန်ခါနီး လိင်ပိုင်းကြီးထွားချိန်အကူး (Reproductive Stress)ကာလတွင် များများလိုအပ်သည်။ ပီလောပီနံ၊ အာလူး တို့ကဲ့သို့ ဥများအတွင်း အစာဖြည့်ချိန်(Sinking)ကာလတွင် အစာများများလိုအပ်သည်။ အထူးသဖြင့် ပိုတက်စီယမ်ဓာတ် အထူးလိုအပ်သည်။
(၁၈) သာမန်အားဖြင့် အပင်နုစဉ် ပင်ပိုင်းကြီးထွားချိန်တွင် နိုက်ထရို ဂျင်ဓာတ်များသော (ရှေ့နံပါတ်ကြီး)မြေဩဇာမျိုးကို သုံးသည်။ ပင်ပိုင်းကြီးထွားမှုကုန်ဆုံးခါနီးနှင့် လိင်ပိုင်းကြီးထွားခြင်းအကူး ကာလတွင် ဖော့ဖရပ်(စ်)ခေါ် မီးစုန်းဓာတ်များသော (အလယ် နံပါတ်ကြီး) မြေဩဇာမျိုးကို သုံးပြီး၊ ဥများ၊ အစေ့များအတွင်း အာဟာရဖြည့်သောအခါမျိုး (နောက်ဆုံးအဆင့်) တွင် ပိုတက် စီယမ်ဓာတ်များသော (နောက်ဆုံးနံပါတ်ကြီး) မြေဩဇာမျိုးကို အသုံးပြုသည်။ သို့သော် အပင်၏အနေအထားနှင့် ယင်းတို့၏ သဘာဝပေါ်မူတည်၍ ထိုမြေဩဇာများကို လိုအပ်သောအချိန် တွင် လိုအပ်သောအမျိုးအစားကို အသုံး ပြုသင့်ပေသည်။
မူရင်း-ဦးဖရက်သိန်းဖေ။
#တောင်သူဦးကြီး_taungthuoogyi
Comments
Post a Comment